“ပြောမထွက်သည့် ပြဿနာ”
ညီမောင်ရေ....
ညီမောင်နှင့်တကွ
ကျောင်းတိုက်ရှိ သံဃာတော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် ဆိုင်ရာ တာဝန်များကို ထမ်းရွက်နိုင်ကြပါစေကြောင်း
ဆုမွန်တောင်းလျက် စာရေးလိုက်ပါတယ်။ နောင်တော် တို့လည်း ကျန်းမာစွာဖြင့် ပညာသင်ကြားလျက်ရှိကြပါတယ်။
သီရိလင်္ကာကို ရောက်ပြီးကတည်းက စာမရေးဖြစ်တာကိုတော့ ခွင့်လွှတ်ပါလို့ ဦးစွာတောင်းပန်ရပါတယ်။ Email ကနေ ပို့လိုက်တဲ့ ညီမောင့်ရဲ့စာကို နောင်တော်ကြိမ်ရေများစွာ
ဖတ်ပြီးပါပြီ။
ညီမောင်ရေ……
“သီရိလင်္ကာကို ပညာလာသင်ချင်တယ်၊ ဒါပေမယ့်----“ ဆိုပြီး အဆုံးသတ်ထားတဲ့ ညီမောင်ရဲ့စာဟာ ဘာကိုဆိုလိုမှန်း နောင်တော် ကောင်းကောင်းသိပါတယ်။
အကျိုးတရားတစ်ခု ဖြစ်လာဖို့အတွက် အကြောင်းတရားတွေ အများကြီးပေါင်းဆုံကြရတယ်ဆိုတာ
တကယ်မှန်ပါတယ်။ သီရိလင်္ကာမှာ B.A.တန်း တက်မယ်ဆိုရင် အနည်းဆုံး ပထမကြီးတန်းအောင်ရမယ်၊ M.A တန်းတက်ချင်ရင်တော့ ဓမ္မာစရိယဘွဲ့ တစ်ခုခု၊ ဒါမှမဟုတ်(ပါဠိစာပေပါတဲ့) B.A ဘွဲ့တစ်ခုခုရရှိပြီးဖြစ်ဖို့နဲ့
အင်္ဂလိပ်စာ အဆင့်အတန်းလည်း အတော်အတန်ရှိဖို့လိုအပ်တယ်ဆိုတာတော့
ညီမောင် သိပြီးသားဖြစ်မှာပါ။ သီရိလင်္ကာကို
ကျောင်းလာတက်ချင်တဲ့ ညီမောင်မှာ လိုအပ်တဲ့အရည်အချင်းတွေရှိပြီးသားဆိုတာကို
နောင်တော်သိပါတယ်။
ညီမောင်ရေ…
ညီမောင်သိတဲ့အတိုင်းပဲ “ဒါပေမယ့်--“ ဆိုတဲ့ပြဿနာဟာ အတော်ကျယ်ဝန်းလှ ပါတယ်။ နိုင်ငံရပ်ခြားကို ထွက်တော့မယ်ဆိုရင် နဝကမ္မလိုလာပြီလေ။ အဲ--“ဒါပေမယ့်”လို့ပဲ သုံးကြ ပါစို့ရဲ့။ ပထမဆုံး နိုင်ငံကူးလက်မှတ်စလုပ်ရတော့မယ်။
ပြီးရင် ညီမောင်ရထားတဲ့ ဘွဲ့လက်မှတ် နဲ့ အမှတ်စာရင်းတွေကို အမိန့်တော်ရ ရှေ့နေတစ်ယောက်ဆီမှာ အင်္ဂလိပ်ဘာသာပြန် သွားလုပ်ရမယ်။ အဲဒီကစပြီး “ဒါပေမယ့်” က စကားစပြောလာပြီ။ လေယာဉ်လက်မှတ်ဖိုး၊ ကျောင်းစရိတ်၊ စားသောက် နေထိုင်စရိတ်၊၊ စာအုပ်စာတန်းဖိုး၊ နောက် မရှိရင်မဖြစ်သလောက်လိုအပ်တဲ့
ကွန်ပြူတာ အဟောင်း ကလေးတစ်လုံးဖိုး ----၊ ဒါတွေအားလုံးဟာ “ဒါပေမယ့်”တွေချည်းပဲပေါ့။
ညီမောင်ရေ…
ညီမောင် သိတဲ့အတိုင်းပါပဲ။ ရဟန်းတွေဆိုတာ ဘာစီးပွါးရေးတွေလုပ်လို့
ဘယ်ကနေဝင်ငွေ ရနိုင်မှာလဲ။ နောက်ပြီး ဝိနည်းတော်ကြီးမှာလည်း
ရဟန်းတွေ ငွေမကိုင်ရဘူးဆိုတာ အတိအကျ သတ်မှတ် ထားတော့ “ဒါပေမယ့်”ပြဿနာကြီးက အခက်တကာ့ထွဋ်ခေါင် အဖြစ်ကို ရောက်လာရတော့တာပေါ့။ အဲဒီအတွက်ကြောင့်ပဲထင်တယ်
ညီမောင်ရေ၊ တစ်လောက သူငယ်ချင်းတစ်ယောက်ဆီက
ရောက်လာတဲ့ Forward Mail ထဲမှာ “အိန္ဒိယ သီရိလင်္ကာ တို့မှာ ဒေါက်တာဘွဲ့သွားယူတဲ့ ဆရာတော်တွေ ထေရ၀ါဒနဲ့ ညီပါသလား။
ဓမ္မပဒမှာ ဘုရားသွားဖူးတဲ့ ရဟန်း၂ပါး။ တစ်ပါးက ရေစစ်မပါတော့ အာပတ်သင့်မှာ စိုးလို့ ရေမသောက်ပဲ ပျံတော်မူ။ တစ်ပါးကတော့ သင်္ကန်းလေးနဲ့ စစ်သောက်ပြီး ဘုရားဆီသွား ...
ဘုရားက လာတဲ့ ကိုယ်တော်ကို အပြင်းအထန် ပြစ်တင်ရှုံ့ချတာကိုကြည့်ရင်
အာပတ်တွေနဲ့ မကင်းတဲ့ ဒေါက်တာဘွဲ့ကို ဘုရားချီးမွမ်းပါ့မလား။
အကယ်၍ အာပတ်မသင့်ခဲ့ဘဲ ဒေါက်တာဘွဲ့ ယူနိုင်ခဲ့တဲ့ ထေရ၀ါဒ စစ်စစ် ရဟန်းတော်များရှိရင် ညွှန်းပေးကြပါ။ (အနည်းဆုံးတော့ ဗီဇာကိစ္စ၊ ခရီးသွားရင် ကားခ ရထားခပေးတဲ့ ပိုက်ဆံကိစ္စ၊ အိမ်ငှားပြီးနေရတဲ့ကိစ္စ
တစ်ခုခုတော့ ငြိမှာပဲ။) တစ်သက်လုံး နောက်လိုက်ပြီး ၀တ်ကြီးဝတ်ငယ်ပြုစုချင်ပါတယ်။”
ဆိုပြီး ရေးထားတာကို ဖတ်လိုက်ရပါတယ်။
အဲဒီစာကိုရေးတဲ့သူက
ဘယ်လိုသဘောနဲ့ရေးတာလဲ
ဆိုတာကိုတော့ နောင်တော့်အနေနဲ့ မဝေဖန် လိုပါဘူး။ ဝိနည်းတော်ကြီးမှာလည်း
ရဟန်းတွေ ငွေမကိုင်ရဘူးဆိုတာကို
အတိအကျ သတ်မှတ် ပြဋ္ဌာန်းထားလေတော့ အာပတ်မသင့် ပါဘူးလို့လည်း မငြင်းလိုပါဘူး။ ဒါပေမယ့် ပြောစရာရှိလာတာက တော့ ပြည်ပရောက် မြန်မာသံဃာတော်တွေ ထေရဝါဒနဲ့ ညီမညီဆိုတာကိုပါ။
ညီမောင်ရေ……
ထေရဝါဒဆိုတာ
ဘုရားရှင်ပညတ်တော်မူ ဟောတော်မူတာကို ပညတ်တော်မူ ဟောတော်မူတဲ့အတိုင်း ပြင်ဆင်ဖြည့်နှုတ်ခြင်းအလျဉ်းမရှိဘဲ
ပထမသင်္ဂါယနာတင်မထေရ်မြတ်ကြီးတွေကနေ
သင်္ဂါယနာ ခြောက်ကြိမ်တိုင်တိုင်
လက်ဆင့်ကမ်းသယ်ဆောင် ကျင့်သုံးလာခဲ့တဲ့မူကို
ထေရဝါဒလို့ ခေါ်တယ် မဟုတ်လား။ နောင်တော်တို့ ဆရာသမားတွေနည်းတူ ပြည်ပမှာပညာသင်နေကြတဲ့
နောင်တော်တို့ တွေလည်း ဘုရားရှင် ပညတ်တော်မူ ဟောတော်မူခဲ့တာတွေကို
ပြင်ဆင်ဖြည့်နှုတ်ပြုလိုခြင်း
အလျဉ်း မရှိကြပါဘူး။ ရဟန်းတွေ ငွေကိုင်တာ အပ်စပ်ပါသလားမေးလာခဲ့ရင်လည်း
ဝေ့လည်ကြောင်ပတ် မလုပ်ပဲ “မအပ်စပ်ပါဘူး”ဆိုတာ ဖြေကြစမြဲပါပဲ။
ညီမောင်ရေ…
အဲဒီအကြောင်းအရာလေးကိုမဆက်ခင်
ရဟန်းဖြစ်လာသူတွေအပေါ်မှာ
ထားတဲ့ ဘုရားရှင်ရဲ့ သဘောထားတွေကို နည်းနည်းပြောကြရအောင်ပါ။
ရဟန်းတစ်ပါးဖြစ်လာဖို့နဲ့
ရဟန်း အဖြစ်က လူပြန်ထွက်ဖို့ ဘယ်ဟာပိုခက်သလဲ မေးလာရင် ညီမောင်ဘယ်လိုဖြေမှာလဲ။
နောင်တော်က တော့ လူပြန်ထွက်ဖို့ရာ ပိုခက်တယ်လို့ဖြေမယ်။
ဘာကြောင့်လဲဆိုတော့ ရဟန်းခံဖို့ လိုအပ်တာကအင်္ဂါ (၅)ပါး၊ လူဝတ်လဲဖို့ကျတော့ အင်္ဂါ (၆)ပါးလိုတယ်လေ။ နောက်ပြီး (၂၂၇)
ပါးသော ဝိနည်းတော် ကြီးမှာလည်း ပါရာဇိကကျကြောင်း သိက္ခာပုဒ်တော်ကြီးက (၄)ပါးတည်းသာ ပြဋ္ဌာန်းထားတာတွေရယ်၊ အကြောင်းတစ်စုံတစ်ခုကြောင့်
လူထွက်ချင်တဲ့ ကိုယ်တော်တွေကို အကြောင်အမျိုးမျိုးပြပြီး
တားမြစ် တော်မူတာတွေရယ်ကို ထောက်ဆပြီးတော့ ဘုရားရှင်ဟာ သူ့တပည့်သားရဟန်းတော်တွေ
လူဝတ် ပြန်လဲသွားမှာကို လိုလားတော်မမူဘူးဆိုတာ
သိသာနိုင်တယ် မဟုတ်လား။
ညီမောင်ရေ……
အဲဒီမှာ
သိက္ခာပုဒ်တော်တွေကို နှစ်မျိုးခွဲခြားကြည့်ဖို့လိုအပ်လာပါပြီ။
ပင်ကိုသဘာဝ အားဖြင့် လောကမှာကိုက ကမ္မနိယာမအနေနဲ့ အကုသိုလ်ကမ္မပထမြောက်နေတာမို့
တားမြစ်ထားတဲ့ “သူ့အသက် သတ်တာတို့၊ သူ့ဥစ္စာခိုးတာတို့ မလုပ်ရဘူး”စတဲ့ သိက္ခာပုဒ်တော်တွေကို “လောကဝဇ္ဇ သိက္ခာပုဒ်” လို့ခေါ်ပါတယ်။ ကမ္မနိယာမအရ အကုသိုလ်ကမ္မပထ မမြောက်ပေမယ့် လူတွေက ဒါတွေဟာ ရဟန်းတွေနဲ့ မအပ်စပ်ဘူးလို့ ယူဆ ထားကြတဲ့ သစ်ပင်ခုတ် မြက်နှုတ်တာတို့၊ ညနေစာစားတာတို့၊ ငွေကိုင်တာတို့ စတာတွေကို မလုပ်ရဘူးရယ်လို့ တားမြစ်ထားတဲ့ သိက္ခာပုဒ်တော်တွေကိုတော့
“ပဏ္ဏတ္တိဝဇ္ဇသိက္ခာ”လို့ ခေါ်ပါတယ်။
ညီမောင်ရေ…
ပဏ္ဏတ္တိဝဇ္ဇသိက္ခာပုဒ်တော်တွေဟာ
ရဟန်းအဖြစ်ကနေ ဆုံးရှုံးရလောက်အောင် ပြင်းထန် တဲ့ စည်းကမ်းတွေမဟုတ်ကြပါဘူး။
သံဃာ့အဖွဲ့အစည်းအတွက် (သံဃာ့အဖွဲ့အစည်းက စင်ကြယ်တဲ့ ပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုနိုင်အောင်) ဘုရားရှင်ချမှတ်တော်မူခဲ့တဲ့
စည်းမျဉ်းနဲ့အညီ ဒေသနာ ကြားခြင်း စသည်ဖြင့် ကုစားရင် ရနိုင်ကောင်းတဲ့ ပညတ်တော်တွေ ဖြစ်ကြပါတယ်။ နောက်ပြီး ဘုရားရှင်ကိုယ်တော်တိုင်
ပရိနိဗ္ဗာန်ပြုတော်မူခါနီးမှာ “သံဃာသဘောတူရင် သေးငယ်တဲ့ သိက္ခာပုဒ် တွေကို နှုတ်ပယ်နိုင်တယ်” ဆိုပြီးမိန့်တော်မူခဲ့တာကိုထောက်ဆရင်
ကိုယ်မကြိုက်တာတွေကို
ပြင်ဆင် ဖြည့်နှုတ်ဖို့ ကြိုးစားနေကြတာလည်း မဟုတ်ဘဲနဲ့၊ လောလောဆယ် အဖို့ရာမှာ မလွဲရှောင်သာ လွန်းလို့သာ “ဒါပေမယ့်” ကိုကိုင်တွယ်အသုံးပြု
နေကြရတဲ့
နောင်တော်တို့တစ်တွေကို
ထေရဝါဒနဲ့ မညီဘူးစွပ်စွဲတာကတော့
တဆိတ်လွန်လွန်းနေသလားလို့
စိတ်မကောင်းဖြစ်ရပါတယ်။
ညီမောင်ရေ…
နောင်တော်ဟာ
သီရိလင်္ကာကိုမလာခင် တောရွာလေးတစ်ရွာမှာ (၆) နှစ်တိုင်တိုင် ကျောင်းထိုင်ခဲ့သေးတယ်ဆိုတာ
ညီမောင်သိမှာပါနော်။ အဲဒီတုန်းကလည်း နောင်တော်ဟာ “ဒါပေမယ့်” နဲ့ မကင်းနိုင်ခဲ့ပါဘူး။ မစင်ကြယ်နိုင်ခဲ့ပါဘူး။
အကြောင်းက ရွာတိုးတက်ဖွိ့ဖြိုးရေးအတွက်
အပျိုလူပျိုတွေ၊ ဒကာ ဒကာမတွေမှာ အုပ်စုလေးတွေဖွဲ့ပြီးတော့
ပျိုးနှုတ်ကောက်စိုက်ဆိုသလို
အငှါးလိုက်ပြီးတော့ စုဆောင်းထား ကြရှာတဲ့ ရန်ပုံငွေလေးတွေရှိပါတယ်။
သူတို့တွေက အဲဒါကို နောင်တော်ဆီမှာလာအပ်ကြတယ်။
“ဦးဇင်းမကိုင်ချင်ဘူး၊
တစ်ယောက်ယောက်ဆီမှာ အပ်ထားကြ ပါလား” ဆိုတော့ “ဘုန်းကြီးမှလွဲ၍ တစ်ရွာလုံးက ယုံကြည်စိတ်ချတဲ့သူမရှိကြပါဘူးတဲ့၊
စိတ်ချရပြန် သော်လည်း အဖွဲ့ပိုင်ငွေကို တစ်ယောက်ယောက်က သူ့စီးပွါးရေးမှာ မြှုပ်နှံအသုံးပြုနေတာမျိုးကို
မလိုလားကြပါဘူးတဲ့။ အဲလိုသာဆိုရင် သူလည်းကိုင်ချင် ကိုယ်လည်းကိုင်ချင်နဲ့
ရံပုံငွေကနေ ဘုံရန်ငွေ ဖြစ်သွားပါလိမ့်မယ်တဲ့”။ ဒီလိုနဲ့ပဲ ညီမောင်ရေ “ဒါပေမယ့်”ဟာ နောင်တော့်ဆီကို မဖိတ်ခေါ်ပါပဲနဲ့ ရောက်လာခဲ့တယ်ဆိုပါတော့။
နောက်အတွေ့အကြုံလေးတစ်ခု
တစ်ဆင့်စကား
ကြားခဲ့ဖူးတာလေး ပြောပါရစေ။
သိပ်ကို ၀ိနည်းလေးစားတဲ့ စာသင်တိုက်တစ်တိုက်ရဲ့ဆရာတော်တစ်ပါးဟာ
ငွေမကိုင်ပါဘူးတဲ့။ ကပ္ပိယတွေထားပြီး ဝိနည်းတော်နဲ့အညီ စီမံခန့်ခွဲစေပါသတဲ့။
စာသင်သားသံဃာတွေရဲ့ နဝကမ္မတွေ ကိုလည်း အဲဒီကပ္ပိယအဖွဲ့ကပဲ စာရင်းပြုစု ကိုင်တွယ်ပြီး လိုအပ်တာတွေကို စီမံပေးပါသတဲ့။ နောက်ပိုင်းမတော့ စာသင်သားတွေကတကယ်ကို လိုအပ်လာတဲ့အခါမျိုးတွေမှာ
စီမံပေးဖို့ပြောပေမယ့်
ကပ္ပိယတွေက မာရေကြောရေ ပြောလာကြတာတွေ၊ အချိန်တွေအများကြီးကုန်ရ၊
အခြေအတင် စကားတွေ အများကြီး ပြောလာရနဲ့မို့ ကပ္ပိယအဖွဲ့ကို ဖျက်သိမ်းလိုက်ရပါသတဲ့။
နန္ဒဇာတ်တော်ကို
မှတ်မိတယ်မလား။ သစ္စာရှိကျွန်ယုံကြီးက သူဌေးသားကလေးကို “မောင့်မိဘတွေ မြှုပ်နှံ ထားခဲ့တဲ့ ရတနာရွှေငွေတွေရှိရာ လိုက်ပြမယ်”ဆိုပြီး စိတ်ကောင်းကလေးနဲ့ခေါ်လာ၊
အဲဒီနေရာလည်း ရောက်ရော ရိုးသားလှပါတယ် သစ္စာရှိလှပါတယ်ဆိုတဲ့
ကျွန်ယုံကြီးတောင်မှ ဥစ္စာမာန်တက်ပြီး ပိုင်ရှင် အစစ် သူဌေးသားကလေးကို အော်လားငေါက်လား လုပ်ခဲ့သေးတယ်ဆိုတာလေ။
ဒါတွေကြောင့် ၀ိနည်းတော်နဲ့အညီစီမံပေးတတ်တဲ့သူ
သိပ်မရှားလှတဲ့ ကိုယ့်မြန်မာနိုင်ငံမှာတောင်မှ
ရဟန်းတွေဟာ “ဒါပေမယ့်” နဲ့မကင်းနိုင်ကြဘူးလေ။
နောင်တော်တို့လို ပြည်ပမှာပညာသင်နေကြတဲ့
ရဟန်းတော်တွေအဖို့ရာမှာတော့…။ ဒါပေမယ့် ညီမောင်ရေ..၊ “ဒါပေမယ့်” နဲ့
ကင်းနိုင်ဖို့ရာကိုတော့
နောင်တော်တို့ကြိုးစားသွားကြရမှာပါ။
ပြောစရာတွေရှိသေးတယ် ညီမောင်ရေ...
စာလည်းအတော်ရှည်သွားပါပြီ။
ဟိုဒကာမကြီးပြောသလို ပြောစရာတွေကလည်း တစ်ပုံကြီးကျန်သေးတယ်။
ပဋ္ဌာန်းတရားတော်နဲ့ကြည့်ရင်
ကုသိုလ်ကနေပြီး အကုသိုလ်ကို ကျေးဇူးပြုတယ်၊ အကုသိုလ်ကနေ ကုသိုလ်ကိုကျေးဇူးပြုတယ်
ဆိုတာတွေရှိတယ်မဟုတ်လား။
ဘာသာခြား ဘာသာရေး ခေါင်းဆောင်တွေက သူတို့ဘာသာတရားတွေပြန့်ပွားအောင်
အနုနည်း အကြမ်းနည်းမျိုးစုံ သုံးပြီးအင်တိုက် အားတိုက် ကြိုးစားနေကြချိန်မှာ
နောင်တော်တို့ ဗုဒ္ဓဘာသာရဟန်းတော်တွေကတော့
ဘာသာစကား အားနည်းမှုတွေ၊ ခုနကလို ဒါပေမယ့် ပြဿနာတွေရယ်ကြောင့် ထင်တိုင်းမပေါက်နိုင်
ခဲ့ကြပါဘူး။ အထူးသဖြင့် ကိုယ့်ဗုဒ္ဓဘာသာလောကထဲမှာတောင်မှ
နိုင်ငံတကာမှာ ဗုဒ္ဓဘာသာတရားတော်တွေကို
ဟောပြောနေကြသူတွေကို ကြည့်လိုက်ရင် မြန်မာပြည်သားရဟန်းတော်တွေဟာ
လက်ချိုးရေတွက် လို့ ရလောက်အောင်ကို နည်းပါးနေပါသေးတယ်လေ။
ဒီနေ့ခေတ်
အာပတ်အသင့်ခံပြီး ပြည်ပမှာ ပညာသင်ကြားနေကြတဲ့ ညီတော်နောင်တော် ရဟန်းတွေဟာ နောင်မျိုးဆက်သစ် ရဟန်းတော်လေးတွေအနေနဲ့ “ဒါပေမယ့်” ပြဿနာတွေကင်းကင်းရှင်းရှင်းနဲ့
သဒ္ဓါတရားထက်သန်လှတဲ့ ကိုယ့်ပြည်တွင်းမှာကိုပဲ
ဒီပညာရပ်တွေကို အလွယ်တကူသင်ယူနိုင်ကြရ
လေအောင်၊ ဗုဒ္ဓသာသနာတော်ကို ကမ္ဘာအနှံ့ဖြန့်ဖြူးနိုင်လေအောင်
ရည်မှန်းထားကြသူတွေချည်း
ဖြစ်ကြပါတယ်။ (နောင်တော်တို့ရဲ့ရှေ့
နောင်တော့်နောင်တော်ကြီးတွေရဲ့
သာသနာပြု လုပ်ငန်းရပ် တွေက ဒီအချက်ကို ကောင်းကောင်းကြီးထောက်ခံနေတာကို
တွေ့နိုင်မြင်နိုင်ကြမှာပါ။) ဒီတော့ နောင်တော်တို့ရဲ့ “ဒါပေမယ့်” ဆိုတဲ့ “အကုသလဓမ္မ” ဟာ “ဒါပေမယ့်” လွတ်ကင်းရာ
“ကုသလဓမ္မ” ဘက်ကို ညွှန်းနေပါတယ်လို့ပဲ ပြောလိုက်ပါရစေတော့ ညီမောင်ရေ။
ညီမောင်ရေ….
နိဂုံးချုပ်ပါရစေတော့။
ရဟန်းဘဝမှာ ကိုယ်တိုင်စီးပွါးရေးလုပ်နိုင်ဖို့
နေနေသာသာ အများတကာ လှူလာတဲ့ “ဒါပေမယ့်” တွေကို ကိုင်ရတာတောင် ပြောမထွက် နိုင်လောက်အောင် ခက်လှတယ်မဟုတ်လား။ “ဒကာကြီးရေ၊ ဦးဇင်းသီရိလင်္ကာကို ပညာသင်သွားချင်လို့၊ တစ်နှစ်ဆိုရင် ဘယ်လောက်ကုန်သတဲ့၊ အဲဒါ--“ ဆိုတဲ့ စကားမျိုးတွေဆိုတာလည်း
တော်ရုံမျက်နှာပြောင်
တိုက်ရဲရုံလောက်နဲ့တော့ လည်ချောင်းရဲ့အပြင်ဘက်ကို
ရောက်လာနိုင်ကြမှာမဟုတ်ပါဘူး။
ဒါပေမယ်-့ ၊ အဲဒီ “ဒါပေမယ့်” ရှိမှလည်း ပြည်ပမှာလာပြီး ပညာသင်နိုင် မှာဆိုတော့ “အင်း-ပြည်ပမှာလာပြီးပညာ သင်ချင်သပ ဆိုရင်ဖြင့် ဘုရားဂုဏ်တော်ကိုသာ နာနာပွါးပြီး မေတ္တာသာနာနာပို့ပေတော့” လို့ အကြံပေးတိုက်တွန်းရင်း
နိဂုံးချုပ်လိုက်ပါရစေတော့
ညီမောင်ရေ…။
ကျန်းမာချမ်းသာပါစေ……
သင့်နောင်တော်
ရှင်သာရ (အင်းတောင်)
0 comments:
Post a Comment