လင်္ကာရဲ့ခရာတွတ်သံ
တစ်လကျော်ခန့်ကြာအောင် စာမူတည်းဖြတ်ခြင်းလုပ်ငန်းများကို
အဆင့်ဆင့်ပြုလုပ်ကြပြီး နောက် စတုတ္ထအကြိမ် လင်္ကာတမန်မဂ္ဂဇင်း-သည် တာထွက်ဖို့နေရာယူလိုက်ပြီဖြစ်၏။
သို့ရာတွင် အသင့်နေရာ ယူပြီးသား ပြေးသမားပမာ ဒိုင်လူကြီး၏ ခရာတွတ်သံကို နားစွင့်နေရဟန်ရှိ၏။
ပရိသတ်ကလည်း ငံ့လင့်နေ၏။ ဒိုင်လူကြီးမှာမူ ၀ီစီမှုတ်ရန် တစ်စုံတစ်ရာကို တွေဝေနေ၏။
မှန်၏။ မဂ္ဂဇင်းကြီးတစ်စောင်ထုတ်ဝေရန်
လူအင်အားများစွာပါဝင်ရ၏။ အချိန်များစွာ မြုပ်နှံရ ၏။ ငွေကြေးများစွာ ရင်းနှီးရ၏။ ပထမနှစ်ချက်သည်
အတိုင်းတာတစ်ခုအထိ ပြည့်စုံသည်မှန်သော်လည်း တတိယအချက်ကား အားနည်းနေ၏။ သို့အတွက်ကြောင့်
ဒိုင်လူကြီးမှာ ခရာမမှုတ်နိုင်ဖြစ် ၏။ ပြေးသမားလည်း စိတ်အနှော်ယှက်ဖြစ်ဟန်ရှိ၏။ ထို့အတူ
ရွှေပွဲလာလည်း အားမလိုအားမရ ဖြစ်၏။
မဂ္ဂဇင်းသန့်သန့် ခန့်ခန့်တစ်စောင်ဖြစ်ဖို့
မြန်မာငွေ သိန်းသုံးဆယ်ကျော်ကုန်ကျ၏။ လင်္ကာစာသင်သားတို့ကား မိမိတို့ပညာရေးအတွက်ပင် အနိုင်နိုင်ရှိကြ၏။
ရင်းနှီးသော ဒီဇိုင်းနာကို အကူညီတောင်း၍ ဒီဇိုင်းခသက်သာအောင် ဖန်တီးရ၏။ အဆိုပါ ဒီဇိုင်းနာ၏
အကူညီဖြင့်ပင် ဈေးသက်သာစွာဖြင့် ပုံနှိပ်ပေးနိုင်မည့် တိုက်ကိုရောက်ခဲ့၏။ စာအုပ်ကို
ဤစံချိန် စံညွှန်းအတိုင်း လိုချင်ပါ၏။ သို့ရာတွင် ဤမျှသာ ငွေကြေးတတ်နိုင်ပြီး စီးပွားရေးအတွက်မဟုတ်ဘဲ
အများအကျိုးအတွက် ပုံနှိပ်ထုတ်ဝေသော မဂ္ဂဇင်းဖြစ်၍ ဖြစ်နိုင်လျှင် အကူညီပေးသည့်အနေဖြင့်
ပုံနှိပ်ပေးပါရန် မေတ္တာရပ်ခံမိ၏။ အပြန်အလှန်ညှိနှိုင်းကြပြီး အဆင်ပြေသွား၏။ ဤကား မနှစ်က
အဖြစ်ပျက်ဖြစ်၏။
ယခုစတုတ္ထအကြိမ်အတွက် အယ်ဒီတာများဆိုင်ရာ
နောက်ဆုံးအစည်းဝေးတွင် “အင်း…… အားလုံးတော့ အသင့်ဖြစ်ပြီ၊ မဂ္ဂဇင်းပုံနှိပ်ဖို့အတွက်
အဆင်မှ ပြေပါ့မလား”ဟု ရယ်ရယ်မောမော ပြောမိ၏။ သို့နှင့် အယ်ဒီတာအဖွဲ့ဝင်ဖြစ်သူ လင်္ကာအရှင်မှ
ဘာဖြစ်လို့လဲ ပြန်မေး၏။ ကိုယ်တွေ့ကြုံခဲ့ရသည့် မနှစ်ကဖြစ်စဉ်များနှင့် အရင့်အရင်နှစ်များက
အတွေ့အကြုံတို့ကို ပြောဖြစ်ကြ၏။ ချက်ချင်းဆိုသလိုပင် လင်္ကာအရှင်မှ လင်္ကာတမန်နှင့် ပရိသတ်ကြား
ဖြတ်ထိုးရမည့် ပေါင်းကူးတံတားအတွက် တစ်စိတ်တစ်ပိုင်း အနေဖြင့် ဖြည့်ဆည်းပါရစေဟုဆိုကာ
န၀ကမ္မ၀တ္ထုငွေ အမေရိကန်ဒေါ်လာတစ်ရာကို လှူဒါန်းခဲ့၏။ သူ့နည်းတူ အခြားပါဝင်လိုသူများလည်း
ပါဝင်ခွင့်ရအောင် ဆော်သြပေးဖို့လည်း လင်္ကာအရှင်မှ အကြံပြုခဲ့၏။ လင်္ကာအရှင်၏ လုပ်ရပ်မှန်နှင့်
စေတနာအကြံကို အားလုံးကြိုဆိုကြ၏။ ၀မ်းမြောက်နုမော် သာဓုခေါ်ကြ၏။ ကြား-မြင်-သိသူ ရဟန်း-ရှင်-လူတို့
မုဒိတာပွားကာ ကောင်းချီးနုမော် သာဓုခေါ်နိုင်ကြစေသောငှာ မျှဝေ၏။
မေတ္တာဖြင့်-
အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
အယ်ဒီတာ
လင်္ကာတမန်မဂ္ဂဇင်း
ကိုလမ္ဘို၊ သီရိလကၤာ
Tuesday, October 16, 2012



Colombo Time
0 comments:
Post a Comment